လစဉ် Sales Target ထိအောင် ဘယ်လိုလုပ်ကြမလဲ

လတစ်လရဲ့ နောက်ဆုံးပတ်ဟာ HR တွေ အလုပ်ရှုပ်ပြီး ဝန်ထမ်းအများစု (လခရတော့မှာမို့လို့) ပျော်တဲ့ ရက်သတ္တပတ်တပတ် ဖြစ်ပါတယ်..။ ဒါပေမယ့် sales သမားတွေအတွက်တော့ အလုပ်အရှုပ်ဆုံးသီတင်းပတ်ဖြစ်သလို target မထိသေးတဲ့ အရောင်းသမားတွေအတွက်တော့ လကုန်ရက်တွေဟာ ခြောက်အိပ်မက်ဆန်လွန်းလှပါတယ်။ Premium League စကားနဲ့ပြောရရင် ရင်ခုန်လှုပ်ရှားဖွယ်ရာကောင်းသလို ဘာမဆိုဖြစ်သွားနိုင်တဲ့ ရက်သတ္တပတ်တစ်ပတ်လို့ ပြောပါရစေ။

ကျွန်တော်တို့ရှေ့မှာ ကျန်ရှိနေတဲ့ ရက်တွေအတွင်းမှာ target ထိမလား (သို့) မထိဘူးလားဆိုတာ စည်းလေးတစ်ခုသာ ခြားပါတယ်။

Sales သမားတွေအတွက်တော့ stress out ဖြစ်ရတဲ့ နေ့ရက်တွေပါပဲ…။

အခုလို ဖိအားများတဲ့ကာလတွေမှာ အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့ရာအတွက်

  1. နေ့စဉ်အစီအစဉ်သေချာဆွဲပါ – တစ်ရက်ချင်းစီတိုင်းကို အသက်တမျှ အရေးကြီးတဲ့ တန်ဖိုးရှိတဲ့နေ့ရက်တွေလို အလဟဿ မကုန်ဆုံးစေဖို့ သေချာပလန်ဆွဲပြီး ဆွဲထားတဲ့အတိုင်း လိုက်လုပ်ပါ။
  2. ကိုယ့်ကိုကိုယ် အားပေးပါ၊ အကောင်းမြင်ပါ – Sales အလုပ်ဟာ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင် (Entrepreneur) နဲ့ ဆင်ဆင်တူပါတယ်။ ဘာလို့လည်းဆိုတော့ အရောင်းတွေပိတ်ပြီး target ထိဖို့က သူများကို အားကိုးလို့မရပါဘူး၊ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမှ ဖြစ်မှာပါ (သူများအားကိုးနေတဲ့သူဟာလည်း sales သမားတစ်ယောက် ဖြစ်လာနိုင်ခြေမရှိပါဘူး)။ ဘယ်လိုလုပ်ရင် အရောင်းတွေပိတ်နိုင်မလဲဆိုတာ သေချာစဉ်းစားပါ။
  3. အဆိုးမြင်စိတ်တွေကို တိုက်ထုတ်ပါ – “ဟာာာ, ငါတော့ လေးငါးရက်ပဲ ရှိတော့တယ်၊ Target ထိမှာလည်း မဟုတ်ပါဘူး” ဆိုတဲ့ စစ်မရောက်ခင် မြှားကုန်တဲ့ စကားတွေနဲ့ ကိုယ့်ကိုကိုယ် မဖြေသိမ့်ပါနဲ့။ အဆိုးမြင်နေလို့ ဘာမှဖြစ်မလာနိုင်သလို ဒီလ Target မထိလို့ ကိုယ့် မန်နေဂျာ (သို့) management ဖက်က အလိုမကျတဲ့ အကြည့်တွေကို သာယာနိုင်သလား စဉ်းစားပါ။ အကောင်းမြင်စိတ်ဟာ ကူးစက်နိုင်သလို အဆိုးမြင်စိတ်ဟာလည်း ထို့အတူပါပဲ၊ ဘယ်လိုဖောက်သည်ကမှ အဆိုးမြင်တက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်မရှိတဲ့သူတစ်ယောက်နဲ့ အလုပ်မလုပ်ချုင်ဘူးဆိုတာ သဘောပေါက်ပါ။
  4. ကိုယ့်ရဲ့ sales pipeline ကို သေချာ စီစစ်ပါ – ဒီလိုအချိန်မှာ ဆက်သွယ်ခဲ့သမျှ ဖောက်သည်တိုင်းကို ဖုန်းခေါ်/မေးလ်ပို့တာဟာ အချိန်ဖြုန်းရာကျသလို မလိုအပ်ပဲ ခွန်အားတွေလည်း ဆုံးရှုံးစေပါတယ်။ ကိုယ်နဲ့ တွေ့ခဲ့သမျှ ပြောဆိုခဲ့သမျှ ဖောက်သည်တွေရဲ့ အချက်အလက်တွေနဲ့ ဘယ်သူဟာ ဒီလိုအချိန်မှာ အရောင်းပိတ်သိမ်းနိုင်ဖို့ အခွင့်အလမ်း အများဆုံးရှိနိုင်မလဲဆိုတာကို မညှာတမ်းဝေဖန်ပိုင်းခြားသုံးသပ်ပြီး ဖုန်းကောက်ကိုင်လိုက်ပါ။ များသောအားဖြင့် data တွေ facts တွေက ယုံကြည်နိုင်လောက်ပေမယ့် ဒီနေရာမှာ common sense (ဆဌ္ဓမအာရုံ aka အာရုံသိ) ကလည်း စကားပြောပါတယ်။ ဆိုလိုရင်းက ကိုယ့် စိတ်ထဲမှာ အရောင်းပိတ်နိုင်မယ်လို့ထင်နေရင် ထင်တဲ့အတိုင်း (ယုံကြည်စွာ) လုပ်ဆောင်ပါ။
  5. Follow up လိုက်ပါ – ပုံမှန် follow up မလိုက်ခြင်းဟာ sales သမားတစ်ယောက်ရဲ့ အားနည်းချက်ဖြစ်သလို sales လွတ်သွားရခြင်းရဲ့ တရားခံလည်း ဖြစ်ပါတယ်။ ဖုန်းနဲ့ဆိုရင် ရုံးချိန်အတွင်း follow up လုပ်နိုင်ပြီး အီးမေးလ်နဲ့ဆိုရင် ညဖက်တွေလည်း လုပ်နိုင်ပါတယ်။ ကျွန်တော်တို့မေ့နေကျတာက နေ့လည်ဖက် ရုံးချိန်တွေဟာ အကုန်လုံး သက်ဆိုင်ရာ အလုပ်နဲ့ ကိုယ်စီ ရှုပ်နေကြတဲ့အတွက် အချိန်ကောင်းဖြစ်ချင်မှ ဖြစ်မှာပါ။ အေးအေးဆေးဆေး ဖြစ်နေလောက်ပြီထင်ရတဲ့ ညဦးပိုင်း အချိန်လောက်မှာ မေးလ်ပို့နိုင်ပါတယ်။ စာရေးသူ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလို လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဟာ လူကြီးပိုင်း decision makers တွေနဲ့ တိုက်ရိုက်ပြောဆိုဆက်ဆံနေရပြီဆို တဖက်က တုံ့ပြန်ချက်ကို ချက်ချင်းပြန်ရတက်လေ့ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း ညဖက်တွေ အလုပ်လုပ်တက်ကြလို့ပါ။ (ကျွန်တော်/မကတော့ဖြင့် ရုံးချိန်အတွင်းပဲ အလုပ်လုပ်တက်တယ်ဆိုရင် sales အလုပ်မဟုတ်ပဲ တခြားအလုပ်ပြောင်းကြည့်ပါလို့ တိုက်တွန်းပါရစေ)
  6. အကူအညီတောင်းဖို့ မရှက်ကြောက်ပါနဲ့ – ကိုယ်ဟာ ကျဉ်းထဲကြပ်ထဲရောက်နေပြီဆိုရင် မိမိရဲ့ mentor (သို့) စီနီယာတွေဆီက အကြံဉာဏ်ရယူပါ။ ကိုယ်နဲ့ ဆက်ဆံရေး အဆင်ပြေရင်ပြေသလို contacts တွေပါ တောင်းလို့ရတယ်ဆိုတာ မမေ့ပါနဲ့။ စာဖတ်သူတို့ဟာ team နဲ့ အလုပ်လုပ်တယ်ဆိုရင်လည်း team member အချင်းချင်း contacts လေးတွေ ရှဲပေးပြီး အကူအညီပေးဖို့ မမေ့ပါနဲ့၊ ကိုယ် တစ်ယောက်တည်း target ထိပြီး ကွက်ကြားမိုးရွာသလို အောင်မြင်တာဟာ အောင်မြင်မှုအစစ်အမှန် မဟုတ်ဘူးဆိုတာ သတိရပါ..။
  7. နောက်ဆုံးအချက်ကတော့ – Do Not Give Up၊ အရှုံးမပေးပါနဲ့။

Sales သမားတိုင်းဟာ အောင်မြင်ဖို့ အခွင့်အလမ်းရှိတဲ့ သူတွေပါပဲ။ဒါပေမယ့် အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မူ တစ်ခုမျှသာ။

အောင်မြင်တဲ့ အရောင်းသမားတစ်ယောက်ဖြစ်ချင်တဲ့သူက သူများတွေထက် မိမိကိုယ်ကို တွန်းအားပိုပေး၊ အလုပ်ပိုလုပ်ပြီး ဖုန်းပိုခေါ်သလို မအောင်မြင်ချင်တဲ့သူတွေအတွက်ကတော့ အကြောင်းပြချက်ကောင်း သောင်းခြောက်ထောင်ပါပဲ…။

You’ll either find a wayor you’ll find an excuse.

It’s up to you now!

ကျေးဇူးတင်ပါတယ်…..။

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။