စိတ်ပညာကို အသုံးချပြီး အရောင်းပိုထွက်အောင်လုပ်ခြင်း

လူတွေအားလုံးဟာ စိတ်ခံစားချက်ကို အခြေပြုပြီး အလုပ်လုပ်နေကြတာ လူတိုင်းလိုလို။ ရံဖန်ရံခါ ပိုက်ဆံပိုရတဲ့အလုပ်ထက် မိမိ ပျော်တဲ့အလုပ်မှာ မွေ့လျော်တာ၊ ငွေကြေးနောက်ကိုပဲလိုက်ပြီး ပိုက်ဆံရှာချင်နေတဲ့ စိတ်ဆန္ဒအားလုံးသည် လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ချင်း မတူကြလို့ပါပဲ။ ဘယ်သူမှားတယ်၊ မှန်တယ်ထက် လူဆိုတာ သူ့ရဲ့ စိတ်အခြေခံကို မူတည်ပြီး ရှင်သန်လှုပ်ရှားနေကြတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
ရောင်းသူနဲ့ ဝယ်သူကြားက အရာတစ်ခုဖြစ်တဲ့ ရောင်းခြင်း၊ဝယ်ခြင်း လူအချင်းချင်းကြား လုပ်ဆောင်ရတဲ့ အမှုကိစ္စတွေဖြစ်လို့စိတ်ခံစားချက်တွေပါနေမယ်ဆိုတာ အမှန်အကန်ပါပဲ။ အရောင်းသမားတစ်ယောက်ဟာ စိတ်ပညာကို တီးမိခေါက်မိရှိထားရင် ပြိုင်ဖက်တွေဖက် ခေါင်းတစ်လုံးသာနိုင်ပြီး အရောင်းတွေပိုပိတ်နိုင်ဖို့ စိတ်ပညာနဲ့ ပတ်သက်ပြီး PhD ရထားဖို့လောက်အထိတော့ တယ်မလိုအပ်လှပါဘူး။ အောက်ဖော်ပြပါ စိတ်ပိုင်းဆိုင်ရာနည်းလမ်းများကတော့ အရောင်းတွေပိုထွက်ဖို့ မိမိ ဉာဏ်ရှိသလို ချင့်ချိန်အသုံးချလို့ရပါတယ်။

1

Loss Aversion

လူတစ်ဦးချင်းစီရဲ့ အခြေခံဗီဇသည် ဆုံးရှုံးမှုကို ရှောင်လွှဲချင်တက်ကြတယ်။ ဒါပေမယ့် တချို့သောအခြေအနေတွေမှာ ဆုံးရှုံးနိုင်ခြေကို လိုလိုချင်ချင် ဘက်လိုက်လက်ခံတက်တဲ့သဘောရှိတယ်လို့ ထိုးထွင်းစိတ်ပညာ (cognitive psychology) က ဆိုတယ်။ အပြုအမူပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ Amos Tversky and Daniel Kahneman တို့ ပြုလုပ်တဲ့ စမ်းသပ်ချက်တစ်ခုအရ - လူတွေကို အကြွေစေ့ တစ်ခုပေး ခေါင်းပန်လှန်ခိုင်းတယ်။ ပန်းကျလို့ ရှုံးရင် $100 ပေးရမှာဖြစ်ပြီး ခေါင်းကျခဲ့ရင် $200 ရမှာဖြစ်တယ်။ အံ့သြဖို့ကောင်းတာက အစမ်းသပ်ခံလူတော်တော်များက လောင်းကြေးကို လက်ခံကျတယ် (တစ်ခုတော့ရှိတယ်၊ အနိုင်က အရှုံးထက် နှစ်ဆဖြစ်ဖို့တော့ လိုတာပေါ့)။ နောက်ဥပမာတစ်ခုြ့ပရလျှင် လူတစ်ယောက်သည် မိမိဆီက $100 ဆုံးရှုံးသွားမှာထက် ပြိုင်ဖက်က $100 ရပြီး စိတ်ကျေနပ်သွားမှာ ပိုစိုးရိမ်တက်ကြတယ်တဲ့။ ဒီလောက်ဆို loss aversion ရဲ့ သဘောကို နားလည်လောက်ပြီထင်တယ်။ အရောင်းသမားတွေလည်း ဒီနည်းလမ်းကို ဖောက်သည်လောင်းတွေနဲ့ deal လုပ်တဲ့အခါမှာ သုံးလို့ရပါတယ် (လိမ္မာပါးနပ်ဖို့တော့ လိုတာပေ့ါ)။

2

အဆင်ပြေပြေ မြန်မြန်ဆန်ဆန်

လူတိုင်းက ကိုယ် လိုချင်တဲ့အရာအတွက် ရက်သတ္ထပတ်ပေါင်းများစွာ၊ လပေါင်းများစွာ မစောင့်ချင်တက်ကြပါဘူး။ ဝိတ်ချဖူးတဲ့သူတွေ ပိုသိနိုင်ပါလိမ့်မယ်။ ဝိတ်လေး 5kg ကျဖို့အရေး လပေါင်းများစွာ အပင်ပန်းခံဖို့ စိတ်မရှည်တက်ကြတာ ထိုသဘောတွေပါ။ အရောင်းသမားတွေအနေနဲ့ ဖောက်သည်လောင်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို လျှင်လျှင်မြန်မြန် ဆောင်ရွက်ပေးနိုင်ခြင်းဟာလည်း အရောင်းပိတ်သိမ်းနိုင်ဖို့ လမ်းစတစ်စပါပဲ။

3

အမှန်အတိုင်း ပြောဆိုခြင်း (ဝါ) အမှားကို ရိုးသားစွာ ဝန်ခံခြင်း

စိတ်ပိုင်းဆိုင်ရာလေ့လာချက်တွေအရ အမှားလုပ်ပြီး ပြင်ပ,ပယောဂတစ်ခုခုကို အပြစ်ပုံချတက်တဲ့ အရောင်းသမားတွေထက် အမှားလုပ်မိပြီး ရိုးရိုးသားသား ဝန်ခံတက်တဲ့ အရောင်းသမားတွေကို ဖောက်သည်တွေက ပိုမိုယုံကြည်တက်ကျတယ်လို့ဆိုတယ်။ ဖောက်သည်မဖြစ်သေးတဲ့ ဖောက်သည်လောင်းလျာများနဲ့ ပြောဆိုတဲ့အခါမှာလည်း မိမိ မလုပ်ပေးနိုင်တဲ့အရာတွေကို ပွင့်လင်းစွာ ဝန်ခံဆွေးနွေးထားခြင်းသည် ရောင်းသူနဲ့ ဖောက်သည်လောင်းကြား ယုံကြည်မှုကိုတည်ဆောက်လို့ရမယ့် တံတားလေးတစ်ခုပါပဲ။

4

သြဇာအာဏာရှိခြင်း (သို့) ကျွမ်းကျင်မှုရှိခြင်း

လူတွေဟာ အလုပ်လုပ်တဲ့အခါ ရာထူးကြီးပုဂ္ဂိုလ်တွေကို အထင်ကြီးတက်ကြပြီး မသိစိတ်က သာမန်လူတစ်ယောက်ထက် ယုံကြည်မှုပိုလေ့ရှိတယ်။ ဖောက်သည်လောင်းတွေနဲ့ အလုပ်ကိစ္စ ရာထူးကြီးသူတစ်ယောက်အနေနဲ့ အားသာချက်တစ်ခုအနေဖြင့် အသုံးချလို့ ရာထူးငယ်တဲ့ အရောင်းသမားတစ်ယောက်ဖြစ်ပါကလည်း မိမိရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို နောကျေနေတဲ့အပြင် ဈေးကွက်အကြောင်းနဲ့ ပြိုင်ဖက်များအကြောင်းကိုပါ inside & out သိထားခြင်းသည် အရောင်းပိတ်သိမ်းနိုင်ဖို့ အထူးအားသာတဲ့ အချက်တစ်ချက်ပါပဲ။

5

ရွေးချယ်မှု နဲနဲပေးခြင်း

ဖောက်သည်လောင်းတွေအတွက် ကုန်ပစ္စည်းအမျိုးမျိုး၊ဝန်ဆောင်မှုအမျိုးမျိုးတွေကို နှိုင်းယှဉ်ပြခြင်းသည် မိမိရဲ့ ကြိုးစားအားထုတ်မှုကို ပေါ်လွင်နိုင်စေပေမယ့် သိပ်ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဖောက်သည်တွေကို အရည်အသွေးကောင်းကောင်းနဲ့ ရွေးချယ်မှုနဲနဲ ပေးလိုက်ခြင်းဟာ အရောင်းပိတ်သိမ်းနိုင်ဖို့ ပိုမိုမြန်ဆန်စေပါလိမ့်မယ်။ ဒီသဘောတရားကို အနောက်တိုင်း စားသောက်ဆိုင်တွေနဲ့ software company တွေမှာတွေ့နိုင်ပါမယ်။ အကြောင်းကတော့ ရှင်းတယ်။ ဖောက်သည်မှာ ရွေးချယ်စရာတွေများနေခြင်းသည် တွေဝေစေကာ ဘာရွေးရမှန်းမသိ စိတ်ရှုပ်စေတက်ပါတယ်။ အကျိုးဆက်ကတော့ အရောင်းပိတ်သိမ်းနိုင်ဖို့ ကြန့်ကြာနေတော့တာပဲ။ ထို့အတွက်ကြောင့် နဲနဲနှင့် ကောင်းကောင်းချပေးခြင်းကသာ ဖောက်သည်တွေအတွက် ဆုံးဖြတ်ချရတာလွယ်ကူမြန်ဆန်စေပြီး အရောင်းသမားတွေအတွက်လည်း အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်ချက်တွေသာပြန်လည်ရရှိပါလိမ့်မယ်။

6

အံ့အားသင့်အောင်လုပ်ပါ

လူတိုင်းလူတိုင်းဟာ မျှော်လင့်မထားတဲ့ နှစ်လိုချစ်ခင်ဖွယ် အံ့အားသင့်စရာဖြစ်ရပ်လေးတွေကို အမှတ်တရရှိပြီး တန်ဖိုးထားတက်ကြတာ ဓမ္မတာပါ။ ဖောက်သည်တွေသည်လည်း လူထဲက လူပဲဖြစ်လို့ surprise တွေကို မနှစ်သက်စရာအကြောင်းမရှိပါဘူး။ အရောင်းသမားတွေအနေနဲ့ ဖောက်သည်တွေကို ထင်မှတ်မထားတဲ့ discount လေးတွေ လုပ်ပေးတာ၊ အပိုလေးတွေ လုပ်ပေးတာ၊ မွေးနေ့လက်ဆောင်ကတ်လေးပို့ပေးတာ စတဲ့အရာများဟာ ဖောက်သည်တွေအတွက် စိတ်ကျေနပ်ပျော်ရွှင်စေနိုင်ပြီး သူတို့ကို ဂရုစိုက်တယ်လို့ စိတ်ပိုင်းဆိုင်ရာအရ ခံစားသိရှိစေနိုင်ပါတယ်။ လူတိုင်းဟာ တခြားတစ်စုံတစ်ယောက်စီက ဂရုစိုက်ခြင်းကို မသိမသာရော၊ သိသိသာသာရော လိုချင်တက်ကြတာပဲမဟုတ်လား။

နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ လူ့စိတ်ဆိုတာ အစိုးမရ သိမ်မွေ့နက်နဲသလို ရှုပ်ထွေးပွေလီလှပြီး အမြဲတမ်းလည်း ပြောင်းလဲနေပါတယ်။ အထက်ပါ အချက်များကတော့ တချို့သောဖောက်သည်တွေနဲ့ အခြေအနေတွေမှာ ကိုက်ညီနိုင်ပြီး တချို့အခြေအနေနဲ့ ဖောက်သည်တွေဆီမှာ ကိုက်ညီနိုင်မယ်မထင်ပါ။ အသုံးချမယ့်သူရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါးနပ်လိမ္မာမှုလည်း လိုအပ်ပါတယ်။ အထူးသဖြင့် #1 and #5 အချက်ကို အသုံးချမယ့်အခါမှာပါ။

ကျေးဇူးတင်ပါတယ်…..။

Theingar Minswe

Theingar Minswe

Charisma ကို သိင်္ဂါမင်းဆွေမှ တစ်ဦးတည်းစတင်တည်ထောင်ခဲ့ကာ သူသည် လက်ရှိအချိန်တွင် နိုင်ငံခြား insurance firm တစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး Charisma ကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။